Victoria လေး အမှုက သွေးအေးသွားတာမဟုတ်သလို အရှိန်လည်း မကျသွားပါဘူး ဆိုတဲ့ ဆရာ သက္ကမိုးညို

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် (၃) နှစ်အရွယ် သမီးငယ် Victoria လေးကို မဖွယ်မရာပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် ဦးဆောင်ဦးရွက်နဲ့ အားကြိုးမာန်တက်နဲ့ တိုက်ပွဲဝင်နေတဲ့ ဆရာ သက္ကမိုးညိုက သမီးလေးအမှု သွေးအေးတာမဟုတ်သလို အရှိန်လည်း မကျပါဘူးလို့ ဆိုလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သမီးလေးအမှုကို ရုံးတင်စစ်ဆေးနေပြီး တရားခွင်ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေမယ်လို့လည်း ဆိုခဲ့ပါတယ်။

Photo : သက္က မိုးညို

“ဗစ်တိုးရီးယားလေး အမှု သွေးအေးသွားပြီ၊ အရှိန်ကျသွားပြီ ဆိုပြီး ပြောနေကြပါတယ်။ တကယ်တော့ အရှိန်လည်း မကျပါဘူး။ သွေးလည်း မအေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးကို လူထု အာရုံစိုက်နိုင်အောင်ရယ်၊ သိပ်လှုပ်ခတ်အောင် လုပ်စရာမလိုတော့ဘူးရယ် လို့ အောက်မေ့လို့ တန်ပိုနဲ့ တိုင်မင်ကို လျော့ချထားတာပါ။

ဒီနှစ်ချက်မှာ ပထမ တချက်က ရှင်းပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ သိပ်လှုပ်ခတ်အောင် လုပ်ရမယ့် အချိန်မဟုတ်ဘူးဆိုတာကို ရှင်းရရင် အခုအချိန်က ခတ်ကွင်း ပြင်တဲ့အချိန်ပါ။ ပြောရရင် မြေပြင်ပေါ်က တရားရေးကဏ္ဍ အချိန် ရောက်လာတော့မှာမို့ နှစ်ဖက်ရှေ့နေတွေ အထောက်အထားစုဆောင်းတာ၊ တရားခွင်အတွက် ပြင်ဆင်တာ လုပ်နေကြချိန်ပါ။

ဒီအချိန်မှာ ရဲကဏ္ဍ ပြီးဆုံးပြီး တရားရေးကဏ္ဍ ရောက်လာပြီလို့ ပြောကြပါတယ်။ မငြင်းပါ။ တရားရေး ကဏ္ဍဆီကို အမှုကို တွန်းပို့ခံရတယ် ထားပါတော့။ ဒါပေမယ့် သက်ဆိုင်ရာ ရှေ့နေတွေက ရဲကဏ္ဍ ပြည့်စုံကုန်လုံအောင် လုပ်ခဲ့ မလုပ်ခဲ့ မေးခွန်း ထုတ်ကြပါလိမ့်မယ်။ တရားစွဲဆိုဖို့ လုံလောက်အောင် အမှု တည်ဆောက်ခဲ့သလား၊ ဥပဒေရုံးက တရားစွဲဆိုဖို့ လုံလောက်တဲ့ အချက်အရ စွဲဆို ခွင့်ပြုမိန့် ပေးခဲ့သလား။ ဒါတွေက ရှေ့ဆက်မယ့် တရားလမ်းမှာ ပေါ်လာမှာပါ။

တရားခံ ရှေ့နေ ဦးခင်မောင်ဇော်ကလည်း အတိအလင်း ပြောထားတာ ရှိပါတယ်။ အောင်ကြီးသာ တရားခံ အစစ်မဟုတ်ဘူးလို့ ပေါ်ပေါက်လာရင် လွတ်မြောက်ဖို့၊ တရားခံ အစစ်ကို ရှာဖွေဖို့၊ ဆက်စပ်ပတ်သက်နေတဲ့ အသိုင်းအ၀ိုင်းကို ဖေါ်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှုကို လက်ခံခဲ့တာ ဆိုပါတယ်။

ဗစ်တိုးရီးယားလေး အမှုမှာ တရားလိုရှေ့နေတွေရော၊ တရားခံ ရှေ့နေတွေရော လုပ်ရမယ့် အလုပ် ရှိပါတယ်။ ဒါကတော့ အမှန်တရားက ဘာလဲ ဆိုတာ ပြည်သူကို သိခွင့်ပေးဖို့ အားထုတ်ရတော့မှာပါ။ အမှန်တရားဆိုတာသည် သမီးငယ်လေးကို ကျူးလွန်ခဲ့သူ ဘယ်သူလဲ ဆိုတဲ့ အမှန်တရား၊ ဘယ်သူတွေ ကူညီ ဖုံးကွယ်ခဲ့သလဲ ဆိုတဲ့ အမှန်တရား တည့်တည့်ပြောရရင် Justice for Victoria ကို ဖေါ်ထုတ်ပေးရမယ့် အမှန်တရားပါ။

တရားခွင်ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေမယ်လို့ ပြောရဲပါတယ်” ဆိုပြီး ယနေ့ ဇူလိုင်လ (၁၇) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo : သက္က မိုးညို

သမီးလေး Victoria ရဲ့ လိင်အကြမ်းဖက်ခံရမှုမှာ တရားစွဲ ဖမ်းဆီးခံထားရတဲ့ အောင်ကြီးကို ဇူလိုင်လ (၁၅) ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင်လ (၂၄) ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။ အောင်ကြီးကို တရားခံအဖြစ် ဖော်ထုတ်ထားခဲ့ပေမယ့် ပြည်သူအများအပြားရဲ့ ဝေဖန်ချက်များ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ထိုအမှုမှန်ပေါ်ရေးအတွက်လည်း စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

Photo : သက္က မိုးညို

Source : သက္က မိုးညို

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.