လွန်ခဲ့တဲ့ (၁၅) နှစ်ကျော် ပတ်ဝန်းကျင်ကာလတုန်းက နိုင်ငံခြားဇာတ်ကားတွေကို ကြည့်ရှုချင်တယ်ဆိုရင် ရပ်ကွက်တွေထဲက အခွေငှားဆိုင်တွေကို သွားရောက်ပြီး အခကြေးငွေနဲ့ ငှားရမ်းကြည့်ရှုခဲ့ကြရတယ်ဆိုတာကို ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ကာလတွေမှာ မွေးဖွားခဲ့ကြတဲ့သူတွေတိုင်း သိကြမှာပါ။ အင်တာနက်ဆိုတာကို စကားလုံးနဲ့သာရင်းနှီးခဲ့တဲ့ ထိုအချိန်ကာလတွေတုန်းကဆိုရင် မိမိတို့ကြည့်ရှုလိုတဲ့ မြန်မာဗွီဒီယိုဇာတ်ကားတွေ၊ နိုင်ငံခြားဇာတ်ကားတွေကို ညစဉ်တိုင်းလိုလို အခွေဌားဆိုင်ကိုသွားပြီး ငှားရမ်းခဲ့ရတဲ့အချိန်တွေဟာ 90s Born တွေအတွက်တော့ အမှတ်ရစရာကောင်းတဲ့အချိန်ကာလတွေဖြစ်ခဲ့မယ်လို့ ထင်မိပါတယ်။
ထိုအချိန်တွေတုန်းက အခွေငှားဆိုင်တွေမှာ ငှားရမ်းခဲ့ကြရတဲ့ နိုင်ငံခြားဇာတ်ကားတွေထဲက “So Close” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတော့ 90s Born တွေအတော်များများကြည့်ရှုခဲ့ကြဖူးမယ်လို့ ထင်ပါတယ်။ ဟောင်ကောင်အက်ရှင်ဇာတ်ကြမ်းတွေကို ကြိုက်နှစ်ကြတဲ့သူတွေ၊ တရုတ်ဇာတ်လမ်းတွေကို ကြိုက်ကြတဲ့ပရိသတ်တွေကတော့ ဒီဇာတ်ကားလေးကို ကောင်းကောင်းကြီးရင်းနှီးကြမှာပါ။
၂၀၀၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ဟက်ကာညီအစ်မ ၂ ယောက်နဲ့ အမျိုးသမီး စုံထောက် (၁) ယောက်တို့ရဲ့အကြောင်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်အရွယ်ကတည်းက မိဘတွေက လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ Lynn ဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ အတိုက်အခိုက်တော်လွန်းတဲ့ မိန်းကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ Lynn ရဲ့ညီမဖြစ်သူ Sue ကတော့ ကွန်ပျူတာတွေအနားမှာ တစ်ချိန်လုံးရှိနေပြီး အစ်မဖြစ်သူ တိုက်ခိုက်နေချိန်တွေမှာ Satellite ကနေ ကြည့်ရှုကာ ကူညီပေးသူတစ်ယောက် ဖြစ်ပါတယ်။
တစ်ရက်မှာတော့ Sue အပြင်သွားနေခိုက် Lynn အိမ်မှာ တစ်ယောက်တည်းရှိနေတုန်းမှာ လုဆိုးဂိုဏ်းက ရောက်လာပြီး Lynn ကို သတ်သွားခဲ့ပါတယ်။ အဲင်္ဒီနောက်မှာတော့ ကွန်ပျူတာတွေနဲ့ပဲ ရင်းနှီးလာခဲ့တဲ့ Sue ဟာ အစ်မဖြစ်သူအတွက် လက်စားချေဖို့အတွက် အမျိုးသမီးစုံထောက် Kong Yat-hung နဲ့ ပူးပေါင်းပြီး လူဆိုးဂိုဏ်းဆီကို သွားရောက်တိုက်ခိုက်ပါတော့တယ်။ ဇာတ်လမ်းတစ်ခုလုံးဟာ ကြာမြင့်ချိန် (၁၁၀) မိနစ်သာရှိတယ်ဆိုပေမယ့်လည်း ညီအစ်မ ၂ ယောက်အကြားက မေတ္တာသံယောဇဉ်ကို လှလှပပကြီး ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူပရိသတ်တွေကို ခံစားမှုရသမျိုးစုံပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ထိုဇာတ်ကားထဲမှာ Lynn အဖြစ်နဲ့ ပါဝင်ခဲ့သူကတော့ တရုတ်မင်းသမီးကြီး Shu Qi ဖြစ်ပြီး Sue အဖြစ်နဲ့ ပါဝင်ခဲ့သူကတော့ ရှောင်ယဲ့ကျူလို့ မြန်ာမပရိသတ်တွေက အသိများကြတဲ့ မင်းသမီး Zhao Wei ပဲ ဖြစ်ပါတယ်။ လုဆိုးဂိုဏ်းကို နှိမ်နင်းဖို့အတွက် Sue ကို ကူညီပေးခဲ့တဲ့ စုံထောက် Kong Yat-hung အဖြစ် သရုပ်ဆောင်ခဲ့သူကတော့ တရုတ်နိုင်ငံရဲ့ အဆိုတော်နဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Karen Mok ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ပရိသတ်တွေ သိပ်သတိမထားမိခဲ့ကြတဲ့ နောက်ထပ်ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ပါဝင်ပါသေးတယ်။ သူကတော့ ပရိသတ်တို့ရဲ့ အချစ်တော် ကိုရီးယားသရုပ်ဆောင် မင်းသား Song Seung-heon ပါပဲ။ Song Seung-heon ပါဝင်ခဲ့တဲ့ဇာတ်ကောင်ပုံစံကတော့ Lynn ဆီက အချစ်ကို မျှော်လင့်စောင့်စားနေတဲ့ Yen ဆိုတဲ့ကောင်လေးနေရာက ဖြစ်ပါတယ်။
Shu Qi (Lynn)
Lynn နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Shu Qi ကတော့ ထိုရုပ်ရှင်ကားရိုက်ကူးစဉ်အချိန်တုန်းက အသက် ၂၆ နှစ် အရွယ်သာရှိသေးပေမယ့်လည်း အခုလက်ရှိမှာတော့ အသက် ၄၂ နှစ်ပြည့်ပြီးတဲ့မင်းသမီးကြီးတစ်လက် ဖြစ်လို့နေပါပြီ။
၂၀၁၄ ခုနှစ်တုန်းက စစ်တမ်းကောက်ယူချက်အရ တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော မင်းသမီးအဖြစ်နဲ့ တည်ရှိနေတဲ့သူမဟာ ၂၀၁၆ ခုနှစ်မှာတော့ ဟောင်ကောင် ဒါရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်သူ Stephen Fung နဲ့ လက်ထပ်ခဲ့ပါတယ်။ သားသမီးတော့ ထွန်းကားခြင်းမရှိသေးပါဘူး။
Zhao Wei (Sue)
ဟက်ကာမလေး Sue အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ Zhao Wei ဟာဆိုရင်လည်း ထိုဇာတ်ကားရိုက်ကူးခဲ့တဲ့အချိန်တုန်းက အသက် ၂၆ နှစ်အရွယ်သာရှိသေးပြီး အခုလက်ရှိမှာတော့ အသက် ၄၂ နှစ်အရွယ် သက်လတ်ပိုင်းအမျိုးသမီးဖြစ်လို့နေပါပြီ။
ထူးချွန်ဆုတွေ များစွာရရှိထားတဲ့သူမဟာ တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော မင်းသမီးတစ်လက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက အဆိုတော်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်နေသူ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အခုလက်ရှိမှာတော့ သမီးလေးတစ်ယောက်ရဲ့ မိခင်အဖြစ်ကို ရောက်ရှိလို့နေပါပြီ။
Karen Mok
Karen Mok ကတော့ ရုပ်ရှင်ကားပေါင်း ၄၀ ကျော်ကို ရိုက်ကူးထားတဲ့သူဖြစ်ပြီး တစ်ကိုယ်တော်တေးအယ်လ်ဘမ် အချပ်ပေါင်း ၂၀ ကျော်ကို ထုတ်လုပ်ထားတဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ အချစ်ဦးဖြစ်တဲ့ ဂျာမန်လူမျိုး Johannes Natterer နဲ့ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ သူမဟာ ရင်သွေးမွေးဖွားထားခြင်းမရှိပေမယ့်လည်း ခင်ပွန်းဘက်ကပါတဲ့ သားသမီး (၃) ယောက်ရှိတယ်လို့ သိရပါတယ်။
Song Seung Heon
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားကြီး Song Seung Heon ကတော့ ထိုအချိန်တုန်းက အဲဒီဇာတ်ကားမှာ ဇာတ်ပို့အနေနဲ့သာ ပါဝင်ခဲ့ရတာကြောင့် ပရိသတ်တွေ သိပ်သတိမထားမိခဲ့ကြပေမယ့်လည်း အခုအချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေပြီဆိုတာကို ပရိသတ်တွေ အားလုံးသိကြမှာပါနော်။
‘So close’ ဇာတ်ကားကြည့်ပြီး ဟောင်ကောင်ဂျက်မ ဖြစ်ချင်တဲ့ အတွေးတွေများ တွေးမိခဲ့ကြသူတွေ ရှိကြလားဗျို့။