အသက်၈နှစ်လောက်ကတည်းက အနုပညာအလုပ်တွေကို ကလေးသရုပ်ဆောင်ဘဝနဲ့ လုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို ရရှိခဲ့သလို လက်ရှိအချိန်မှာလည်း သရုပ်ဆောင်တဲ့ အပိုင်းရော သီချင်းဆိုတဲ့ အပိုင်းမှာပါ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ ဝါဆိုမိုးဦးကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ရုပ်ရှင်ကားဖြစ်တဲ့ “ကြီးမြတ်သောမြန်မာ”ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းကို 8days မီဒီယာနဲ့ အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။ “ကြီးမြတ်သောမြန်မာ”ရုပ်ရှင်ကားကြီးကတော့ မကြာခင်မှာရုံတင်တော့မှာဖြစ်ပြီး လွန်ခဲ့တဲ့၅နှစ်ကတည်းက ရိုက်ကူးထားတဲ့ ကားလည်းဖြစ်ပါတယ်။
ဝါဆိုမိုးဦးက “အရမ်းကို ဂုဏ်ယူတယ် ဝါဆို့အနေနဲ့ လူငယ်သရုပ်ဆောင်အနေနဲ့ အဲ့တုန်းကလည်း အသက်၂၀ပဲရှိသေးတယ် လွန်ခဲ့တဲ့ ၅နှစ်က ရိုက်ထားတာ။ လွန်ခဲ့တဲ့ ၅နှစ်က ဒီလိုဇာတ်ကားကြီးကို ရိုက်ဖို့ လာရောက်ကမ်းလှမ်းတဲ့အချိန်မှာ ဘဝမှာ ထင်မထားတဲ့ အရာကြီးတစ်ခုလိုပဲပေါ့နော်။ အခုအချိန်ထိလည်း ဒီကားကို ပြန်ကြည့်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာဇာတ်ကား 3D ကြီးကိုလည်း ရိုက်ရတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကြီးပေါ့ မဏိစန္ဒာနေရာကနေ သရုပ်ဆောင်ခွင့်ရလို့လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ ဝါဆိုအနေနဲ့နဲ့လည်း မဏိစန္ဒာဆိုတာ ဇာတ်လမ်းအရလေးပေါ့ ဒီခေတ်က ရှိခဲ့တယ်ဆိုတဲ့အရာလေးကို ဖော်ကျူးပြီး ရိုက်ထားတာလေးပဲရှိပါတယ်။
ဒါပေမဲ့ပေါ့ ကိုယ်ပါဝင်ရတဲ့ သရုပ်ဆောင်မှုပိုင်းမှာကြတော့ မဏိစန္ဒာကို ကျန်စစ်မင်းက မိဖုရားမြှောက်တဲ့အခန်းကပေါ့နော် အခြွေအရံတွေနဲ့ပေါ့နော် လမ်းလေးက လျှောက်လာတဲ့ဟာ အပြင်မှာလည်း ဒီလိုပဲ ရင်ထဲမှာ အရမ်းပဲ အရင်မင်းသမီးတွေ ဘယ်လိုဖြစ်ခဲ့လဲတော့မသိဘူးပေါ့နော် ပုဂံခေတ်က။ ကိုယ့်မှာဘယ်လိုပြောရမလဲ အဲ့ခေတ်ရောက်သွားသလိုခံစားရတယ် အရမ်းကိုပျော်ပြီးတော့ ဘယ်လိုပြောပြရမလဲ ကျက်သရေရှိပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း “ဂုဏ်ယူတယ် ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကြီးက အရင်ခေတ်ကနေ အခုအချိန်အထိ ဗုဒ္ဓဘာသာကြီးက အရမ်းကိုထွန်းကားတဲ့နိုင်ငံကြီးဖြစ်နေတယ် ဒီဇာတ်ကားကိုကြည့်ရင်သိမှာပါပဲ အဲ့တာကြောင့်မို့လို့ ဒီဇာတ်ကားကို ဝါဆိုပြောချင်တာက မြန်မာလူမျိုးတိုင်းက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြည့်သင့်တယ်လို့ ဝါဆိုပြောချင်ပါတယ်။
ဘာလို့လဲဆိုတော့ ဝါဆိုတို့ မြန်မာနိုင်ငံရဲ့ အလှတရားတွေ ပုဂံခေတ်က တစ်ခုတည်းမဟုတ်ဘူးပေါ့နော် ကျန်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့အလှတဲ့ မြို့တွေတိုင်းကိုလည်း ရိုက်ထားတာလည်းဖြစ်တယ် နောက်ပြီးတော့ သမိုင်းကြောင်းလည်းပါတယ်။ တချို့ဟာတွေဆို လူကြီးတွေတောင်မသိသေးတဲ့ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတွေ ဘာသာသာသနာရဲ့ သမိုင်းကြောင်းတွေ ဖော်ကျူးထားတဲ့ကားလေးဖြစ်တဲ့အတွက် ဝါဆိုကတော့ လူတိုင်းကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။
Can’t wait to say