အချစ်ဆုံးသူငယ်ချင်းဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးပါလွန်းတဲ့သူတစ်ယောက်ပါပဲ။ သူ မရှိရင် ကိုယ့်ရဲ့ ဘဝကြီးမှာ ဘယ်လိုမှ မပြည့်စုံနိုင်သလို၊ အဆင်မပြေနိုင်လောက်တဲ့အထိ ကိုယ့်ကို လွှမ်းမိုးထားနိုင်သူပေါ့။ ဒါပေမယ့် လောကကြီးရဲ့ ဓမ္မတာအရ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ချစ်ခဲ့ခင်ခဲ့ပါစေ သူစိမ်းဖြစ်သွားတဲ့အခါတွေလည်း ရှိပါတယ်။ အချစ်ဆုံးသူငယ်ချင်းနဲ့ သူစိမ်းဖြစ်သွားဖူးတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သူကြိုက်တဲ့ အစားအသောက်တွေမြင်ရင်၊ သူ့မွေးနေ့ရောက်လာတဲ့အခါကျရင် သူ့ကို သတိရတဲ့စိတ်ကြောင့် အရမ်းကို ခံစားရမှာပါ။ ဒါပေမယ့်လည်း အရင်လိုမဟုတ်တော့တဲ့ဆက်ဆံရေးမှာ သင်ဟာ သူနဲ့ တွေ့ဖြစ်ဆုံဖြစ်တော့မှာမဟုတ်ပါဘူး။
(၂) သင့်ဘဝမှာ ပျော်စရာတွေ၊ အံ့သြစရာတွေရှိလာတဲ့အခါမှာ သူ့ကို ချက်ချင်းပြောပြချင်တယ်၊ သူ့ဖက်ကရော ဘယ်လို တုန့်ပြန်မလဲဆိုတာ သင်အရမ်းသိချင်တယ်။ ဒါပေမယ့်လည်း အရင်လိုမဟုတ်တော့ဘူးဆိုတဲ့ အသိက သင့်ကို နာကျင်စေမှာပါ။
(၃) သူ့ဆီမှာ သူငယ်ချင်းအသစ်တွေ ရှိလာတဲ့အခါမှာလည်း နာကျင်ရဦးမှာပါ။ သင့်ကို ခင်ခဲ့ဖူးသလို၊ သင့်ကို ဆက်ဆံခဲ့ဖူးသလိုမျိုး သူများကို ဆက်ဆံတာတွေ့ရင် မနာလိုတာလိုလို၊ ဝမ်းနည်းတာလိုလိုနဲ့ ငိုချင်နေမိမှာပါ။
(၄) သင်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကလည်း သင့်ကို နာကျင်စေမှာပါ။ ငယ်ငယ်ကတည်းက ကျောင်းသွားဖော်၊ ကစားဖော်၊ တိုင်ပင်ဖော်၊ အေးအတူပူအမျှ ခံစားပေးခဲ့တဲ့သူက အခုချိန်မှာ မယုံနိုင်လောက်အောင် သင်နဲ့ စိမ်းကားသွားခဲ့ပါပြီ။
(၅) သင့်မှာ အချစ်ဆုံးသူငယ်ချင်းကို ပြပါဆိုရင် ပြစရာလူမရှိပါဘူး။ တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲပေါင်းသင်းလာခဲ့တဲ့ သင့်အဖို့ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက သင့်အတွက် အရာရာပါပဲ။ ဒါပေမယ့် ခုချိန်မှာ သင်နဲ့ သူဟာ သူစိမ်းတွေဖြစ်သွားတဲ့အတွက် သင့်ဘဝမှာ အချစ်ဆုံး သူငယ်ချင်းကောင်းဆိုတာ ထပ်ပြီးတော့လည်း ရှိလာတော့မှာမဟုတ်ပါဘူး။