လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်နဲ့ တွဲမယ်ဆို ဘယ်အချက်တွေကို ထည့်သွင်း စဉ်းစားရမယ့်အချက်တွေ

ဒီနေ့ခေတ်လုပ်ငန်းခွင်မှာ ကျင်လည်နေရတဲ့ လူငယ်တိုင်းအတွက်တော့ ဒုတိယအိမ်ဟာ ဘယ်နေရာလဲလို့မေးရင် ကိုယ်ရဲ့လုပ်ငန်းခွင်ကိုပဲ လက်ညှိုးထိုးပြကြမှာ အသအေချာပါပဲ။ တစ်ပတ်မှာ ငါးရက် (သို့) ခြောက်ရက်လောက်က မနက် (၉) ကနေ ည (၆) အထိ ရုံးမှာပဲ အလုပ်လုပ်နေရတဲ့အတွက် ဒုတိယအိမ်လို့ ပြောတာကလည်း လွန်တယ်လို့ ပြောလို့မရပါဘူး။

ကိုယ်ရဲ့တစ်နေ့တာအချိန်တော်တော်များများကို ဒုတိယအိမ် အလုပ်ထဲမှာပဲ အလုပ်လုပ်ပြီး ကုန်ဆုံးရတဲ့အတွက် တချို့တွေက လုပ်ဖော်ကိုင်ဖက်တွေကို အိမ်ကမိသားစုဝင်တွေထက်တောင် ပိုပြီးခင်တွယ်တတ်ကြပါတယ်။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို မြင်ပါတွေ့ပါများပြီး ခင်တွယ်ရာကနေ ချစ်ကြိုးသွယ်သွားကြတာမျိုးတောင် ရှိပါတယ်။

လုပ်ငန်းခွင်ကသူနဲ့ ချစ်မိသွားလို့ တွဲတော့မယ်လို့ စဉ်းစားမိရင်တော့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို မထိခိုက်စေဖို့အတွက် မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တွေရှိပါတယ်။

အဲဒီအချက်တွေထဲကမှ Career ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ဝေမျှပေးထားတဲ့ အချက်တစ်ချို့ကို ပြောပြပေးမှာမို့ တွဲဖို့ စဉ်းစားနေတဲ့သူတွေ ဖတ်ကြည့်ပြီး အထောက်အကူ တစ်စုံတစ်ရာ ရရှိမယ်လို့ ထင်ပါတယ်။ ကဲ…. ဘယ်လိုအချက်တွေပါလဲ ကြည့်လိုက်ကြရအောင်။

 

 

မတွဲခင်နှစ်ကြိမ်လောက်ပြန်စဉ်းစားပါ

အလုပ်ခွင်ကသူတွေနဲ့ တွဲတော့မယ်ဆိုရင် သေချာပေါက် မတွဲခင်မှာ နှစ်ကြိမ်လောက် ပြန်စဉ်းစားသင့်ပါတယ်။ ကိုယ်ရဲ့အချစ်ရေးက ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေနိုင်သလို မတော်တဆ အဆင်မပြေလို့ လမ်းခွဲဖြစ်ခဲ့ရင် လူတွေရဲ့ ပြောစရာကြီးတစ်ခုအဖြစ်နဲ့ ထင်ကျန်ရစ်ခဲ့နိုင်လို့ပါ။

လမ်းခွဲပြီးရင် ကိုယ်တွဲခဲ့တဲ့သူနဲ့ အလုပ်မှာ တစ်ချိန်လုံးတွေ့ရမြင်ရရင်လည်း အဆင်ပြေနိုင်ပါမလားဆိုတာကလည်း နှစ်ကြိမ်လောက်စဉ်းစားတဲ့အခါမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကိုယ်တွဲလိုက်တဲ့သူနဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရာကနေ စိတ်ဓာတ်တွေကျပြီး ကိုယ်ချစ်ရတဲ့ အလုပ်ခွင်ကိုပါ စွန့်ခွာရတာမျိုး ဖြစ်နိုင်လို့ အဲဒါတွေအကုန်လုံးကို လက်ခံနိုင်လား နှစ်ကြိမ်လောက်သေသေချာချာစဉ်းစားပြီး အဆင်ပြေတယ်လို့ ယုံကြည်ပြီးဆိုမှ တွဲပါ။

ရင်းရကျိုးနပ်လား စဉ်းစားကြည့်ပါ

စာအုပ်ကြီးလိုဖြစ်တဲ့ သူဌေးတွေနဲ့ အထက်အရာရှိတွေက လုပ်ငန်းခွင်တွင်းက လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချစ်ကြိုက်တာကို လုပ်ငန်းခွင်ထိခိုက်စေနိုင်တယ်လို့ ယူဆလေ့ရှိတဲ့အတွက် သိပ်ပြီး သဘောမကျတတ်ကြပါဘူး။

ရာထူးတက်ဖို့အရေး ၊ လစာတိုးဖို့အရေး အဲဒီလို ချစ်ကြိုက်မှုကြောင့် မျက်စိစပါးမွှေးစူးခံရပြီး ရရှိမယ့်ခံစားခွင့်တွေ အကုန်လုံး ဆုံးရှုံးခံရတာမျိုး ၊ ရင်းရတာမျိုးလုပ်ဖို့က ထိုက်တန်လား သေသေချာချာစဉ်းစားပါ။

ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာ ကိုယ်ရွေးချယ်မှုအပေါ်မှာပဲ မူတည်တာမို့ ကိုယ်ကျေနပ်တယ်၊ စိတ်ချမ်းသာမယ်ထင်တယ်ဆိုရင်တော့ တွဲပါ။ အချစ်ဟာ ဘဝကြီးတစ်ခုလို့ မစဉ်းစားထားဘဲ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုလို့ ယူဆထားရင်တော့ ရင်းရမယ့်အရာတွေကို သေချာစဉ်းစားသင့်ပါတယ်။

 

 

အချစ်ရေးနဲ့ပတ်သက်ပြီး ဒီလို ဈေးတွက်တွက်နေစရာလိုလားလို့ အတွန့်တက်ပြီး မေးစရာရှိနိုင်ပေမယ့် ဒီခေတ်ကြီးမှာ ငွေရေးကြေးရေးကိစ္စ အဆင်မပြေရင် အချစ်ရေးကလည်း နောက်ဖေးပေါက်ကနေ ထွက်သွားနိုင်လို့ ဒီအချက်ကို ထည့်သွင်းစဉ်းစားခိုင်းတာ ဖြစ်ပါတယ်။

ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေ မဖြစ်မနေ ထားရှိရမှာကို သိထားပါ

လုပ်ငန်းခွင်က ကိုယ်နဲ့အတူတူတွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ တွဲတော့မယ်ဆိုရင် မတွဲခင်မှာ ထားရှိမယ့် ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေ ထားရှိဖို့လိုကြောင်း ကြိုပြောပါ။ ထားရှိမယ့် သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ချက်တွေကို သဘောတူလက်ခံလား ၊ လက်မခံဘူးလားဆိုတာကို ပြောပြ ဆွေးနွေးတိုင်ပင်တာမျိုးလုပ်ပါ။

တစ်ဖက်က ဒီလိုထားရှိမယ့် ကန့်သတ်ချက်တွေကြောင့် အဆင်မပြေနိုင်ဘူးဆိုရင်တော့ နှစ်ယောက်လုံး ပြန်စဉ်းစားသင့်ပါတယ်။ လုပ်ငန်းခွင်တွင်းကသူနဲ့ တွဲမှာဖြစ်တဲ့အတွက်ကြောင့် တခြားလုပ်ဖော်ကိုင်ဖက်တွေ အမြင်ကတ်၊ ကြည့်မရ မဖြစ်အောင်လို့ အရမ်းကြီးနီးနီးကပ်ကပ်နေတာမျိုး၊ တစ်ဦးပေါ်တစ်ဦး လိုတာထက်ပိုပြီး ဂရုစိုက်ပြတာမျိုး မလုပ်ဖို့ အစရှိတဲ့ ကန့်သတ်ချက်တွေဟာ အလုပ်မှာ ပရော်ဖက်ရှင်နယ်ဆန်ဖို့အတွက် ထားရှိရတာ ဖြစ်လို့ နားလည်အောင်ပြောပြပြီး သတ်သတ်မှတ်မှတ်လေး ထားရှိပါ။ တွဲမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ ဒီလိုမျိုးသတ်မှတ်ချက်တွေ ထားရှိဖို့လိုကိုလို့ သေချာလေးပြောပြပြီး ထားရှိနိုင်အောင် ကြိုးစားပါ။

လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်နဲ့ တွဲဖို့စဉ်းစားတဲ့အခါ အခုဖော်ပြထားတဲ့ အချက်တွေကို သေချာပေါက်ထည့်သွင်း စဉ်းစားမယ်ဆိုရင် အမှားမလုပ်မိသလောက် ဖြစ်မှာပါနော်။

ဒီအချက်တွေအပြင် နှစ်ဦးကြားက မတူညီတဲ့ နေထိုင်မှုပုံစံတွေ၊ မတူညီတာတွေကို ရေရှည်သည်းခံနိုင်ပြီး ညှိယူလို့ ရနိုင်လားမရလားဆိုတဲ့ အချက်တွေ၊ တွဲနေစဉ်အတွင်းမှာ ကိုယ်သည်းမခံနိုင်တဲ့အချက်တွေ ဖြစ်လာလို့ လမ်းခွဲဖြစ်ခဲ့ရင်လည်း အလုပ်ကို မထိခိုက်မခံဘဲ ကြံ့ကြံ့ခိုင်ပြီး ရှေ့ဆက်နိုင်မလား အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ အချစ်ရေးကြောင့် အလုပ်ကို မထိခိုက်ဘဲ အောင်မြင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်နော်။

အလုပ်ကို မထိခိုက်ဘဲ အောင်မြင်တဲ့အချစ်ရေးကို လုပ်ငန်းခွင်မှာရှိတဲ့ လူငယ်လူရွယ်တိုင်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.